Sunday, May 20, 2012

Demo version

Bill Gates သေပြီ ၊ မတော်တဆကားတိုက်မှုကြောင့် တိမ်းပါးသွားရခြင်းဖြစ်သည်။ သူ့ရုပ်ခန္ဓာကို မိသားစုမှ ဖက်ကာ ပူဆွေးသောကရောက်နေသည်ကို အတိုင်းသားမြင်နေရသည်။
စိန့်ပီတာက စိတ်ရှုပ်ထွေးဟန်ဖြင့်ဆီးကြိုသည်။
“အေးဗျာ၊ ခင်ဗျားရောက်မယ်ဆိုတာကြိုတော့သိပါတယ်၊ ဒါပေမယ့် ခင်ဗျားကို ဘယ်နေရာနဲ့သင့်တော်မယ်ဆိုတာကို ဝေခွဲမရနိုင်ဘူးဖြစ်နေတယ် ဘီလ်ရေ…လူ့ဘ၀တုန်းက အမေရိကန်မှာရှိတဲ့သူတွေကို Windows OS တွေ ရောင်းချထုတ်လုပ်ပြီး ခင်ဗျား အများကြီးကူညီခဲ့ဖူးတာ အမှတ်ရပါတယ်။ ဒါကြောင့်ကောင်းကင်ဘုံ နဲ့ ငရဲဘယ်ဋ္ဌာနကို လွှတ်ရမယ်ဆိုတာ ကျွန်တော်မခွဲခြားနိုင်ဘူးဖြစ်နေတယ်ဗျာ”
“ဒီလိုလုပ်ဗျာ၊ ငရဲကို အရင်ဆုံးပြကြည့်ဗျာ”
“အိုကေဗျာ မြင်စေရပါမယ်”
ဟာဝိုင်အီ ကမ်းခြေကလေးကို ရုတ်ခြည်းပြန်ရောက်သွားသလို Bill Gates ခံစားလိုက်ရသည်။ မြင်လေရာတွင် စိမ်းစိုကြည်နူးဖွယ်ရာမြင်ကွင်းများ၊ မိန်းမချောကချေသည်လေးများ၊ နာမည်ကျော်အုန်းစိမ်းရည်၊ ကြည်လဲ့နေသည့်ပင်လယ်ရေ၊ “အို…ဒါဟာငရဲလား…” Bill Gates သဘောကျသွားသည်။ ထို့နောက်စိန့်ပီတာက ကောင်းကင်ဘုံကို ပြသသည်။
ကောင်းကင်ဘုံတွင် တိမ်များ ပြေးလွှားနေကြသည်။ ရုပ်ဆိုးဆိုးနတ်သမီးအိုကြီးတစ်ပါးသည် စောင်းကြိုးကို ညည်းညည်းတွဲတွဲ တီးခတ်နေသည်။လေကောင်းလေသန့် ရှိသော်ငြား အထီးကျန်မှုဝေဒနာ၊ ပျင်းရိစရာကောင်းသော ပြယုဂ်ကို Bill Gates ချက်ခြင်းရလိုက်သည်။ ထို့ကြောင့် တခဏချင်း ဆုံးဖြတ်ချက်ချလိုက်သည်။
“စိန့်ပီတာ ကျွန်တော်ငရဲမှာပဲနေပါရစေ”
နှစ်ပတ်ခန့်အကြာတွင် စိန့်ပီတာငရဲတွင် ရောက်နေသော Bill Gates ရှိရာသို့ အခြေအနေအကျိုးအကြောင်းစုံစမ်းရန်သွားသည်။ Bill Gates အခြေအနေမကောင်း၊ ငရဲခွေးများက သူ့နောက်မှအမောတကောပြေးလိုက်နေသည်။ စကားပင်ဖြောင့်အောင် မပြောနိုင်ရှာ၊ ချွေးသီးချွေးပေါက်များကျလျက် အရှိန်ညီးညီးမီးလျှံ မီးနွယ်များကြားတွင် ပတ်ပြေးနေရသည်။ စိန့်ပီတာ ကိုတွေ့သွားသောအခါ Bill Gates ဒေါသဖြစ်ဖြစ်နှင့် အော်ပြောသည်။
“စိန့်ပီတာ ဘယ်လိုဖြစ်တာလဲ? လွန်ခဲ့တဲ့ နှစ်ပတ်လောက်တုန်းက ဒီလိုအခြေအနေမဟုတ်ပါဘူး၊ ငြင်းငြင်းသွဲ့သွဲ့ ရာသီဥတုလေးနဲ့ ကြည်နူးဆွတ်ပျံ့စရာ ကောင်းတဲ့ မဒီချောကလေးတွေနဲ့ အခုဘယ်လိုဖြစ်ရတာလဲ…?”
“အာ…Bill Gates ကလဲ…အဲ့ဒါက Demo Version လေဗျာ”

No comments:

Post a Comment