Wednesday, May 16, 2012

မယက များ

ပထမဆုံးသူငယ်ချင်းက အတော်ရိုးတယ် တက္ကသိုလ်ကျောင်းဆင်းတဲ့အထိ ရည်းစားမထားဖြစ်ဘူး ချေးများ တာလဲ ပါပါတယ်၊ အဲကျောင်းပြီးလို့ အလုပ်ဝင်လုပ်တော့မှ သူတို့အိမ်ကိုငှားနေတဲ့ မိသားစုထဲက ကောင်မလေး ကို သွားစိတ်ဝင်စားတာ၊ ကောင်မလေးက ဆယ်တန်းကို နှစ်ခါကျ အပြင်ဖြေပေါ့နော်။
ကျွန်တော့သူငယ်ချင်းကြီးကို ကောင်မလေးက နဲနဲပါးပါး အထင်တကြီးတော့ ရှိပါလိမ့်မယ်၊ အချိန်တိုတို အတွင်း ရည်းစားဖြစ်၊ သိပ်မကြာခင်မှာပဲ သည်ကောင့်နောက်ကို ကောင်မလေး လိုက်ပြေးသွားပါတယ်၊ သည်ခေတ်မှာ အိမ်ထောင်ပြုဖို့ဆိုတာ တော်ရုံသတ္တိနဲ့ မဖြစ်နိုင်ဘူးလေ ထားလိုက်ပါတော့။

ယောက္ခမအိမ်တက် ချွေးမ မျက်နှာမငယ်ရလေအောင် သူငယ်ချင်းက သူ့ မိန်းမငယ်ငယ်လေးကို အတော်လေး အလိုလိုက်ရှာပါတယ်၊ ဒါပေမဲ့လေ အစ္စရေးနဲ့ ပါလက်စတိုင်းသာ ငြိမ်းချမ်းရေး ရချင်ရသွားမယ် ချွေးမနဲ့ ယောက္ခမ ဆိုတာ ကမ္ဘာဦးထဲက ညိခဲ့ကြတာလားမသိ၊ နေ့တိုင်း တစ်ဂျိန်းဂျိန်း။
တစ်နေ့တော့ သူငယ်ချင်း အလုပ်သွားနေတဲ့အချိန် သူ့မိန်းမလေး အိမ်ပေါ်က ဆင်းသွားပါတယ်၊ ထုံးစံအတိုင်း ယောက္ခမနဲ့ ရန်ဖြစ်ပြီး သည်တစ်ခါတော့ မနေတော့ဘူးဆိုပြီး ဆင်းသွားတာပါ၊ ကံကဆိုးချင်တော့ ကျွန်တော် နဲ့ နောက်ထပ်သူငယ်ချင်း တစ်ယောက်ကလဲ အဲသည်နေ့မှ အဲသည့်သူငယ်ချင်းအိမ်ကို သွားလည်မိပါတယ်၊ သူငယ်ချင်းက ရုံးက ပြန်မရောက်သေးတော့ သူငယ်ချင်းရဲ့အမေကလဲ ကောင်မလေး ဆိုးတဲ့အကြောင်းတွေကို မျက်ရည်လည်ရွဲနဲ့ ပြောပြနေရှာပါတယ်။

သိပ်မကြာပါဘူး သူငယ်ချင်း အိမ်ကိုပြန်ရောက်လာပါတော့တယ်၊ အမေဖြစ်သူကို သူငယ်ချင်းက
“အမေ ငယ်လေးရော” (သူငယ်ချင်းက သူ့မိန်းမကို ငယ်လေး လို့ခေါ်ပါတယ်)
“နင့်မိန်းမ အိမ်က ဆင်းသွားပြီ”
“သိတယ် သိတယ် တစ်နေ့သည်လိုဖြစ်လိမ့်မယ်ဆိုတာ သိတယ်”
ကျွန်တော့သူငယ်ချင်းက ဗွီဒီယိုမင်းသား အိုက်တင်နဲ့ လက်နှစ်ဖက်ကို အပေါ်မြောက်ပြီး ပြောနေပါတယ်၊ ရုပ်ရှင်တို့ ဇာတ်ပွဲတို့ မကြည့်ဖြစ်တာကြာပြီဖြစ်လို့ ဗွီဒီယိုမင်းသားနဲ့ ယှဉ်ပြောလိုက်တာပါ၊
“အမလေး မွေးရကျိုးနပ်တဲ့ သားကြီး၊ နင် မကျေနပ်ရင် နင်ပါအိမ်ပေါ်က ဆင်းသွား”
“ဆင်းမှာပါ ဆင်းမှာပါ ကျွန်တော် ထမင်းအရင်စားလိုက်ဦးမယ် ပြီးရင် ချက်ခြင်းလိုက်သွားမှာပါ”
အဖွားကြီးလဲ ပါးစပ်လေး အဟောင်းသားဖြစ်သွားရှာပါတယ်၊ ကျွန်တော်တို့လဲ ငိုရအခက် ရယ်ရအခက် နောက်ဆုံး သူငယ်ချင်း အထုပ်လေးတွေကို ဝိုင်းဆွဲပေးရင်း အဖွားကြီးကို နှုတ်ဆက်ပြီး ထွက်လာခဲ့ပါတယ် လမ်းရောက်တော့မှ သူငယ်ချင်းကို
“မင်းကလဲကွာ အိမ်ပေါ်ကဆင်းမှာကို ဘာလို့ ထမင်းစားနေရသေးတာလဲ”
အဲသည်ကျမှ သူငယ်ချင်းက ပြုံးလိုက်ပြီး
“ငယ်လေးချက်တဲ့ ထမင်းဟင်းကို ငါမပြောနဲ့ ငယ်လေးကိုယ်တိုင်တောင် မစားနိုင်ဘူးကွ” တဲ့။
အခုတော့လဲ ကလေးတွေ ဘာတွေရလာတော့ ရှေ့မျက်နှာနောက်ထား အာဖဂန် နဲ့ တာလီဘန်လို ညှိနှိုင်းရေး လုပ်ပြီး အတူတစ်ကွ ပေါင်းသင်းနေထိုင်ရေးကို ဖော်ဆောင်နေကြပါပြီ။

နောက်တစ်ယောက်ကျတော့ ရည်းစားမဟုတ်ဘူး အိမ်ကပေးစားတဲ့ မိန်းမကိုယူလိုက်တာ၊ အဲသည် သူငယ်ချင်း မိန်းမလေးကျတော့ တော်ရှာတယ် ပြောရမလားမသိ အိမ်တွင်းမှုလဲတော်တော်နိုင်တယ်၊ တစ်အိမ်လုံးအတွက် အကုန်သိမ်းကျုံးလုပ်ပေးတယ်၊ ဒါပေမဲ့ လူပဲလေ ကြာလာတော့ ကွိုင်လာတာပေါ့၊ အဖိုးကြီး အဖွားကြီးအတွက် ချက်ပြုတ်ပေးရတာ အပန်းမကြီးဘူးဆိုပေမဲ့ နောက်ချွေးမ တစ်ယောက်ပါရှိနေတော့ အဲသည် တစ်ယောက်ကို ကွိုင်တော့တာပေါ့၊ သူငယ်ချင်းကလဲ အစ်ကိုကြီးရဲ့မိန်းမလည်းဖြစ်ပြန်၊ တက္ကသိုလ်တက်တုန်းက ဆရာမလည်း ဖြစ်နေပြန်တော့ အားနာတာနဲ့ ကြားညပ်နေရှာတာပါ၊ တက္ကသိုလ်က ဆရာမဆိုတော့ မိုးလင်းကထွက် မိုးချုပ်မှ အိမ်ပြန်ရောက်တာ ကျူရှင်တွေဘာတွေပြရတာလဲ ပါတာပေါ့လေ၊ နောက်ပြီး ဆိုးတာလဲ မဟုတ်ပါဘူး ဝင်ငွေ မှန်သမျှ မိသားစုကြီးအားလုံး စားဖို့နေဖို့ အကုန်ပေးတာပါ မိန်းကလေးပီပီ ပြင်ပြင်ဆင်ဆင်တောင် သိပ်မရှိရှာပါ ဘူး၊ ဘာဘဲဖြစ်ဖြစ် သူငယ်ချင်းခမျာတော့ အနေကြပ်တာပေါ့လေ။

တစ်နေ့တော့ သူငယ်ချင်းနဲ့ သူ့မိန်းမ အကြီးအကျယ်စကားများကြပါတယ်၊ ဖြစ်ချင်တော့ ကျွန်တော်ကလဲ ခင်နေတော့ အဲသည်အိမ်ကို နေ့တိုင်းလိုလိုရောက်နေတာ၊ တားလို့လဲမရ၊ ကောင်မလေးကလဲ အိမ်ပေါ်က ဆင်းမယ်တကဲကဲလုပ်နေတယ်၊ အဲသည်မှာ သူငယ်ချင်းက
“သည်လောက်ဖြစ်တာ နင်ဆင်းချင်ရင်အခုဆင်းသွား”
သူငယ်ချင်းမိန်းမလေး မျက်နှာ ရဲကနဲဖြစ်သွားတယ်၊ သည်လိုပြောလိမ့်မယ်လို့ မျှော်လင့်မထားဘူးလေ၊ သူ့ ယောကျာ်းသူ့ကို ဘယ်လောက်ချစ် အဲ ကြောက်တယ်ဆိုတာသိတယ်၊ ချက်ခြင်း ကောက်ကနဲပဲ အိမ်ပေါ်က ဆင်းသွားတယ်၊ ကျွန်တော်လဲ မနေသာတော့ သူငယ်ချင်းကို
“ဟေ့ကောင် ထက်ခေါင် မင်း ဘယ်လိုပြောလိုက်တာလဲ”
“ရပါတယ်ကွာ သူလဲ ဘယ်အိမ်မှ သွားစရာမရှိပါဘူး သူ့မိဘအိမ်ပဲပြန်ရမှာ ငါ လမ်းထိပ်မှာ တက္ကစီမောင်းတဲ့ ကိုကိုကြီး (သူငယ်ချင်းပါဘဲ) ကြိုမှာထားပြီးသား သူတစ်ယောက်ထဲထွက်လာရင် သူ့ကိုအိမ်လိုက်ပို့လိုက်ဖို့”
အဲသည်အချိန်မှာ သူငယ်ချင်း အဖေရောက်လာပြီး
“အကောင်ငယ် မင်း အဝတ်အစားတွေ မြန်မြန်သိမ်း သည်မှာ ပိုက်ဆံ မင်းမိန်းမအိမ်မှာ သိပ်အကြာကြီး မနေနဲ့ လေးငါးရက်လောက်နေရင် တူတူပြန်လာခဲ့ ဟုတ်လား”
သူငယ်ချင်းက ကျွန်တော့ကို ပြုံးပြုံးလေး မျက်စောင်းထိုးပြီး ကြည့်လိုက်ပါတယ်။
သည်တစ်ခါ ကျွန်တော် ပါးစပ်အဟောင်းသား။

သူများတွေ အကြောင်းတော့ ပြီးသွားပြီ ကျွန်တော့ အကြောင်းရော သိချင်ကြပါသလား၊
ကျွန်တော်က သူတို့ထက် ပိုကြောက်တယ်၊ ကိုယ့်ဘက်ကိုယ်ဆွဲပြောရင် ပိုများချစ်လို့လားမသိပါ။

No comments:

Post a Comment